Sunday, November 25, 2012

ဘုရား အနေကဇာတင်ခြင်း အဓိပ္ပါယ်


မြန်မာ ဗုဒ္ဓဘာသာ ကိုးကွယ်သူများ အိမ်သစ် ပြောင်းရွှေ့တဲ့အခါပဲ ဖြစ်ဖြစ်

 ရုပ်ပွား ဆင်းတုတော် အသစ်ဝယ်ယူ ပူဇော်လာတဲ့ အခါပဲ ဖြစ်ဖြစ်

အန္တရာယ်ကင်း ပရိတ်ပဋ္ဌာန်း ရွတ်ဖတ် ပူဇော်ပွဲ လုပ်တဲ့ အခါပဲ ဖြစ်ဖြစ်

ဘုရား အနေကဇာတင် ပွဲလေးတွေကို လုပ်လေ့ ရှိကြပါတယ်

 အဘယ်ကြောင့် လုပ်တယ်ဆိုတာ တိတိကျကျ မသိကြပေမယ့်

တစ်ချို့က ရုပ်ပွား ဆင်းတုတော် အသစ်ကို

အနေကဇာတင်မှ ကိုးကွယ် ကောင်းတယ်လို့ ထင်တတ်ကြတာ ရှိသလို

အနေကဇာ တင်မှလည်း ဆင်းတုတော်ဟာ

တန်ခိုး ပိုကြီးတယ်လို့ ထင်တတ်တာတွေ ရှိပြန်ပါတယ်

 ဒါကြောင့်လည်း ဘုန်းကြီးတွေကို ပင့်

ဘုရား ဆင်းတုတော်ကို စားပွဲ ခုံပေါ်မှာ တင်၊ ပတ်ပတ်လည် ဘုန်းကြီးတွေက ၀ိုင်းပြီး

အနေကဇာ တင်စေကြတာ ဖြစ်မှာပါ

 ပိုဆိုးတာက တစ်ချို့ ရုပ်ပွား ဆင်းတုတော်ကို

ဒီလို အနေကဇာ မတင်ရင် မကိုးကွယ်ကောင်းဘူးလို့ ထင်နေကြတဲ့ အပြင်

ဘုန်းကြီးတွေက ဒီဆင်းတုတော်တွေကို ကိုးကွယ်နိုင်အောင်

အနေကဇာတင်ပြီး ပြုလုပ်ပေးတယ်လို့ ထင်နေတတ်တဲ့ အချက်ပဲ ဖြစ်ပါတယ်

လွဲနေကြတာလေးတွေကို ပြောတာပါ

ဘုန်းကြီးက ပြန်ပြီး ဘုရားကိုများ တန်ခိုးထက်အောင်

ဖန်တီး ပေးရသလား ဆိုတာက စဉ်းစားသင့်တဲ့ အရာလေးတစ်ခုပါ

 တကယ်တော့ ဘုရား အနေကဇာ တင်တယ်ဆိုတာ ဘုရားကို ပူဇော်တာပဲ ဖြစ်ပါတယ်

အနေကဇာ ဆိုတဲ့ စကားရဲ့ မူရင်း စကားလုံးက

 “အနေကဇာတိ သံသာရံ..” စတဲ့

 မြတ်ဗုဒ္ဓရဲ့ ဥဒါန်း စကားတော်က လာတဲ့ စကားပဲ ဖြစ်ပါတယ်

 ဒီ အနေကဇာတိ သံသာရံ မှာပါတဲ့ အနေကဇာတိ ဆိုတဲ့ စကားကိုပဲ

အလွယ်ယူပြီး အနေကဇာတင် တယ်လို့ ပြောကြတာ ဖြစ်ပါတယ်

 ဒီစကားဟာ မြတ်စွာဘုရား သစ္စာလေးပါးကို သိပြီး

သဗ္ဗညုတ ဉာဏ်တော်ကို ရပြီးနောက် ပထမဆုံး ကျူးရင့်တော် မူတဲ့ ဥဒါန်း စကားပဲ ဖြစ်ပါတယ်

အဓိပ္ပါယ်က

“အဖန်ဖန် ပဋိ သန္ဓေ နေရခြင်းသည် ဆင်းရဲ လှစွာ သောကြောင့်

ခန္ဓာအိမ်ကို ဆောက်လုပ် တတ်သူ တဏှာ လက်သမားကို ရှာသော ငါသည်

ထိုတဏှာ လက်သမားကို မြင်နိုင်သော ဉာဏ်ကို မရသေးသဖြင့်

ဘ၀များစွာ သံသရာ ပတ်လုံး ကျင်လည် ခဲ့ရလေပြီ

 ခန္ဓာအိမ်ကို ဆောက်လုပ် တတ်သော ဟယ်… တဏှာ ယောက်ျား လက်သမား…

ငါသည် သင့်ကို ပညာမျက်စိဖြင့် ယခုမြင်အပ်ပြီ

 ခန္ဓာအိမ်ကို နောင်တစ်ဖန် သင် ဆောက်လုပ် ရမည်မဟုတ်

သင်၏ ကိလေသာတည်း ဟူသော အခြင်ရ နယ်အားလုံး တို့ကို ငါချိုးဖျက် အပ်ပြီ

အ၀ိဇ္ဇာတည်း ဟူသော အိမ်အထွဋ်ကို ဖျက်ဆီးအပ်ပြီ

ငါ၏စိတ်သည် ပြုပြင်ခြင်း ကင်းရာ နိဗ္ဗာန်သို့ ရောက်ပြီ

တဏှာ ကုန်ရာ ကုန်ကြောင်း အရဟတ္တဖိုလ် သို့ရပြီ…" (ဥဒါန၀တ္ထု) ဟူ၍ ဖြစ်ပါတယ်

 မြတ်ဗုဒ္ဓ ဘုရား အဖြစ်ကို ရပြီးချင်းချင်း ကျူးရင့်တော် မူတဲ့ ဒီပုံရိပ်ကို အာရုံပြုပြီး



သဗ္ဗညုတ ဘုရားကို ပူဇော်တဲ့ အနေနဲ့

ဘုရားရှင် ကျူးရင့်တော် မူခဲ့တဲ့ ဒီ အနေကဇာတိ သံသာရံ အစရှိတဲ့

ဘုရား စကားတော်များကို ပြန်လည် ရွတ်ဆိုပူဇော် ကြခြင်းဖြစ်ပါတယ်

 အဲဒါကိုပဲ ဘုရားအနေကဇာ တင်တယ်လို့ ဆိုခြင်းဖြစ်ပါတယ်

 အလွယ် ပြောရရင် ဘုရား အနေကဇာ တင်တယ်ဆိုတာ

 တန်ခိုးတော် အရာမှာ အတုမရှိတဲ့

ဗုဒ္ဓ ရှင်တော်မြတ်ကို ပူဇော်တဲ့ ပူဇော်ခြင်း တစ်မျိုးပဲ ဖြစ်ပါတယ်

 ဒါကြောင့် ဒီ အနေကဇာတိ သံသာရံ အစရှိတဲ့ ဥဒါန်း စကားတော်များကို ရွတ်ဖတ်ပြီး

ဘုရားရှင်ကို ပူဇော်တဲ့ ပူဇော်နည်းကို ဘုန်းကြီးတွေမှ မဟုတ်

 လူတွေလည်း အချိန်မရွေ၊ နေရာမရွေး ဘုရားရှင် ဘုရား ဖြစ်တော် မူမူချင်း

မဟာဗောဓိပင် အောက်မှာ ကျူးရင့်တော် မူတဲ့ အသွင် သန္တာန်ကို အာရုံပြုပြီး

ရွတ်ဆို ပူဇော် နိုင်ကြပါတယ်

 အဲဒီလို ပူဇော်တာကိုပဲ အနေကဇာ တင်တယ်လို့ ပြောမယ်ဆိုရင်

လူတွေလည်း အနေကဇာ တင်နိုင် ကြပါတယ်

ဘာဖြစ်လို့လဲဆိုတော့ ဘုရားကို ပူဇော်တာ ဖြစ်လို့ပါပဲ

 တစ်ချို့က ဘုရား အနေကဇာ တင်တာကို

ဗုဒ္ဓါ ဘိသေက အနေကဇာ တင်တယ်လို့ ဆိုတာ ရှိပါသေးတယ်

ဘုရားကို ဘိတ်သိတ် မြောက်တယ်ပေါ့

 ဒါဟာ ဘုရားကို ဘိတ်သိတ် မြောက်တာ မဟုတ်ပါဘူး

 ဘုရားကို ဘိတ်သိတ် မြောက်ပေးလို့လည်း မရပါဘူး

 ဆင်းတုတော်ကို ထုလုပ်ပူဇော်တဲ့ အရာဝတ္ထုကို သန့်စင်စေတဲ့ သဘောပဲ ဖြစ်ပါတယ်

 ရုပ်ပွားတော် ထုလုပ်ကြတဲ့ အခါမှာ

ထုလုပ်တဲ့ သူတွေဟာ ခြေထောက်နဲ့ ညှက်ပြီး လုပ်ကြတာတို့

ဟိုထားဒီထား၊ ဟိုတင်ဒီတင် လုပ်ကြတာတို့

ဟိုဟာနဲ့အုပ် ဒါနဲ့အုပ် လုပ်ကြတာတို့ ရှိတတ်ပါတယ်

 ပြီးတော့ ထုလုပ်တဲ့ အရာ ၀တ္ထုတွေဖြစ်တဲ့

သစ်သား၊ ကြေး၊ ကျောက် စတာတွေရဲ့ မသန့်ရှင်းမှု တွေလည်း ရှိတတ်ပါတယ်

ဒါကြောင့် ဒီလို မသန့်ရှင်းတာ တွေကို သန့်ရှင်း စေလိုတဲ့ အတွက်

အန္တရာယ်တွေ ကင်းအောင်

 ပြီးတော့ ကိုးကွယ်တဲ့ သူတွေရဲ့ စိတ်အစဉ် သန့်ရှင်းအောင်

စတဲ့ သဘောတွေနဲ့ ဗုဒ္ဓါ ဘိသေက အနေကဇာတင် တယ်လို့ ဆိုတာက ဖြစ်နိုင်ပါတယ်

ဘယ်လိုပဲ ဖြစ်ဖြစ် ဘုရားကိုတော့ ဘိတ်သိပ် မြောက်လို့ မရဘူးဆိုတာ သိစေ ချင်ပါတယ်

 အပြင်အမှောင့် ပယောဂတွေ မသန့် မရှင်း တာတွေကို

သန့်ရှင်းအောင် လုပ်တယ် ဆိုရင်တော့ အထူးပြောစရာ မရှိပါဘူး

ဆိုလိုတာက ဘုရားအနေကဇာ တင်တယ်ဆိုတာဟာ

 ဘုရားရှင်ကို ပူဇော်တာဖြစ်ပြီး

ကိုးကွယ်ခံ ရုပ်ပွား ဆင်းတုတော်ကို စိတ်သန့်အောင် လုပ်တဲ့

သဘော ဖြစ်တယ်ဆိုတာကို ရှင်းရှင်း လင်းလင်း သိစေချင် တာပါ

ဒီလိုလုပ်မှ ကိုးကွယ် ကောင်းတာ၊ ကိုးကွယ် ထိုက်တာ မဟုတ်ဘူး ဆိုတာ သိစေချင်တာပါ

 ဘုန်းကြီးတွေက ရုပ်ပွား ဆင်းတုတော်ကို တန်ခိုး ထက်အောင်၊ ကိုးကွယ်လို့ ရအောင်

လုပ်ပေးတာ မဟုတ်သလို

ဒီလိုမှ မလုပ်ရင် ရုပ်ပွား ဆင်းတုတော်ကို မကိုးကွယ် ကောင်းဘူး

ဆိုတဲ့ အချက်ဟာ လွဲနေတယ် ဆိုတာ သိစေလိုရင်း ဖြစ်ပါတယ်

 အဓိက ကတော့ ရုပ်ပွား ဆင်းတုတော် ဆိုတာ

ပုံတော်ကို မှန်းပြီး ဂုဏ်တော် လွှမ်းနိုင်အောင်သာ ဟန်ပြအဖြစ် ရှိနေတာ ဖြစ်ပြီး

 မိမိတို့ တစ်ဦးချင်းရဲ့ နှလုံးသားမှာ ဘုရား တည်နေ

 ဘုရား ဂုဏ်တော်တွေကို အာရုံပြု ကြည်ညိုမှုတွေ ကပဲ အဓိက ဆိုတာ

 သဘော ပေါက်စေချင်တာ ဖြစ်ပါတယ်

ဒါကြောင့် ဘုရား အနေကဇာ တင်တာတွေကို လုပ်နေကြပေမယ့်

ဘာကြောင့် လုပ်တယ်၊ ဘယ်လို အဓိပ္ပါယ်နဲ့ လုပ်တယ် စတာတွေကို မသိဘဲ

 အများလုပ်လို့ လုပ်နေ၊ လုပ်တဲ့ အခါမှာလည်း တစ်လွဲ အတွေးတွေ

 တစ်လွဲ နားလည်မှုတွေနဲ့ လုပ်ဖြစ်နေကြတဲ့ ဗုဒ္ဓ ဘာသာဝင် အချို့ရဲ့

 လွဲနေတတ်တဲ့ သဘောလေးကို သိပြီး ပြုပြင်နိုင်အောင်

လွဲတတ် တာလေးကို ထုတ်ပြရင်း

 အကယ်၍ မိမိတို့ ကိုယ်တိုင် ဒီလို လွဲနေ ခဲ့ရင်လည်း

အချိန်မီ ပြုပြင်ကြဖို့ တိုက်တွန်းသမှု ပြုကာ

လွဲတတ်တဲ့ အလွဲတစ်ခု အဖြစ် တင်ပြ လိုက်ရပါတယ်။

xxxxxxxxxxx

စာရေးသူ = အရှင်ဝိစိတ္တ (မနာပ ဒါယီ)

No comments:

Post a Comment