Saturday, November 17, 2012

သတိပြုရမည့် မြန်မာစာ စာလုံးပေါင်း

ဘာ့ကြောင့်သတိမထားကြသနည်း၊ ခဏခဏမှားနေကြသနည်း။ အမှန်စင်စစ် သတိမမမူသောကြောင့်သာဖြစ်သည်။ မမှားသင့်သော စာလုံးပေါင်းသတ်ပုံများဖြစ်ပါသည်။ ဒါကြောင့် တင်ခဲ့ပြီးသား ကိုယ်ပိုင်ဘလော့တစ်ခုကို ပြန်လည်တင်ပြလိုက်ပါတယ်။ w နှင့် u သည်  တော်တော် ဝေးကွာပါသည်။ သို့တိုင်အောင် အဘယ်ကြောင့် w နေရာတွင် u ကို အစားထိုး ရေးလာကြသနည်း။ စဉ်းစားမိတာကတော့ ချစ်ကောင်းသီချင်းလို သတ်ပုံ အယူအဆမှားယွင်းခြင်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ မှားသင့်သော အကြောင်းအရာ ဆိုပါလျှင် မပြောလိုမရေးလိုတော့ပါ..။ ယခုသော်ကား….
မြန်မာစာတွင် အများစု အသုံးပြုနေကြသော အသတ်များမှာ က်၊ ခ်၊ ဂ်၊ င်၊ စ်၊ ည်၊ ဌ်၊ ဏ်၊ တ်၊ ဒ်၊ ဓ်၊ န်၊ ပ်၊ မ်၊ ယ်၊ လ်၊ သ်၊ ဟ်၊ တို့ပင်ဖြစ်သည်။
သတ်ပုံသတ်ညွှန်းသည် အရေးကြီးသည်။ မိမိတို့ဘာသာစကားကို မိမိတို့မှ အလေးမထားလျှင်
မည်သူတွေက အလေးထားမည်နည်း။ မမှားနှင့်ဟုမဆိုလိုပါ။ လူတိုင်းအမှားနှင့် မကင်းနိုင်ကြပါ။ သို့သော် မှန်သင့်သည့် အရာလေးတွေကို တော့ဖြင့် မမှားစေလိုပါ။
တိုင်းပြည့်တစ်ပြည်အတွက် အမျိုး၊ ဘာသာ၊ သာသနာနှင့် ဘာသာစကား တို့သည် အလွန်အင်မတန် အရေးကြီးလှပါသည်။
ဒါ့ကြောင့်လည်း မြန်မာပြည်သည် တို့ပြည်၊ မြန်မာစာသည် တို့စာ၊ မြန်မာ စကားသည် တို့စကား၊ ဟု မျိုးချစ် သခင်တစ်စုတို့က မြန်မာ့သမိုင်းတွင် ကြွေးကြော် ခဲ့ကြသည်မှာ အထင်အရှား။
ကျွန်တော်တွေ့ဖူးသော လူမျိုးတိုင်း လူမျိုးတိုင်းသည် သူတို့ဘာသာနှင့် သူတို့စာကိုအလေးထားကြသည်သာ။ တို့မြန်မာတွေကြမှ ဘာသာကိုလည်း မလေးစား၊ ကိုယ့်စာကိုလည်းအလေးမထား ဖြစ်နေကြတာကို တွေ့ရသည်မှာ ရင်နာ စရာ။ ဒီအဖြစ်တွေကို အားလုံးလည်း သတိထားကြည့်ရင်တွေ့ကြ၊ သိကြမှာပါ။ သတ်ပုံလေးတစ်လုံးမှားတာများ ရေးကြီးခွင်ကျယ် လုပ်လို့ဟုလည်း မမြင်စေလိုပါ။
နှမ်းတစ်စေ့ထဲနှင့် ဆီမဖြစ်ဟူသော အယူအဆသည် မှားယွင်းလှသည်။ အဘယ်ကြောင့်ဆိုသော် နှမ်းတစ်စေ့ထဲနှင့် ဆီမဖြစ်လျှင် တစ်စေ့ပေါင်းများစွာမှ စုစည်းလာသော နှမ်းများသည်လည်း ဆီမဖြစ်နိုင်ပါ။ သို့ဆိုလျှင်နှမ်းဆီ သည် ဘယ်ကထွက်သနည်း။ ဘယ်က ရသနည်း။ ဘာ့ကြောင့်နှမ်းဆီဟုခေါ် သနည်း ဟူ သောနောက်ဆက်တွဲ မေးခွန်းများကို မည်သူဖြေနိုင်မည်နည်း။
အကြောင်းကရှင်းသည်။ နှမ်းတစ်စေ့သည်လည်း နှမ်းတစ်စေ့ နှင့် ထိုက်တန် သော ဆီထွက်သောကြောင့်သာ နှမ်းစေ့ပေါင်းများစွာမှ ဆီထွက်လာရခြင်းဖြစ်သည်။ ထို့ကြောင့် နှမ်းမှထွက်သော ဆီဖြစ်သောကြောင့် နှမ်းဆီမည်၏။
သင်သည် အင်တာနက်တွင် ရှိသည်။ တစ်ရွာလုံးနှင့် ရွာပေါင်းမြောက်များ စွာနှင့် ဆက်သွယ်နေသည်။ သင်ရေးသောစာသည် ရွာပေါင်းမြောက်များစွာသို့ ပြန့်သွားပေမည်။ ဖတ်မိသူလည်းရှိမည်။ မဖတ်မိသူလည်းရှိမည်။ သင်ရေးသော စာသည် အဆိပ်အတောက်ဖြစ်ပါက ဖတ်မိသူတွင်လည်း အနည်းဆုံးတော့ အဆိပ် သင့်မည်။ အတုခိုးမှားသူ အတွက်တော့ ထိုသူ့လက်ထဲအဆိပ်ခွက် ရောက်သွား ပေပြီ။ အချိန်မီသိပြီး သွန်လျှင်သွန်၊ မသွန်လျှင် ကိုယ်တိုင်သောက်၊ မသောက်လျှင် သူများတိုက်၊ ဆက်တိုက် မှားကြပေတော့မည်။
(၁၉၉၃)ခုနှစ် ၀န်းကျင်ကဖြစ်သည်။ ရန်ကုန်မြို့ တပ်မတော်ခမ်းတွင် လွတ်လပ်ရေးနေ့ ပြပွဲ ပြုလုပ်သည်။ ပြန်ကြားရေးအတွက် Powerpoint Presentation ကို တာဝန်ယူ ပြုလုပ်ပေးရသည်။ ခေါင်းစဉ်ကို ယခုထိတိုင် မှတ်မိ နေပါသေးသည်။ မျိုးချစ်စိတ်ဓါတ်ရှင်သန်ထက်မြက်ရေး တည်းဟူသော ခေါင်းစဉ် ပင် ဖြစ်သည်။ ထိုခေါင်းစီးနှင့် ပါတ်သက်ပြီး စကားများခဲ့ရဖူးသည်။ အကြောင်း ကြောင်းကြောင့် အမည်နာမအဖွဲ့အစည်းကိုမဖော်ပြလိုပါ။ ပြပွဲကစနေပြီ။ လာရောက်ကြည့်ရှုသူ လူတစ်စုမှ အသက်ကြီးကြီး လူတစ်ယောက်က အောက်ပါ အတိုင်းပြောသည်။
- ဟေ့ကောင်….မင်းစာတန်းကမှားနေတယ်၊
+ ဟုတ်ကဲ့ …ဘယ်နေရာပါလည်းခင်ဗျာ…
- မင်းတို့ကောင်တွေကွာ …စိတ်ဓါတ်က အဲလိုမျိုးမဟုတ်ဘူးကွ၊ ပေးစမ်း ဘောပင်၊
စိတ်ဓာတ်
အဲဒီလိုမှမှန်တာကွ၊ အခုပြင်လိုက်၊
+ ဟုတ်…ကျွန်တော်မပြင်နိုင်ပါဘူး၊ စိတ်မရှိပါနဲ့။
- ငါပြင်ခိုင်းတာ မင်းကဘာလို့ မပြင်တာလည်းကွ။
+ အမှားကို အမှန်မလုပ်ချင်လို့ပါ။ ကျွန်တော်တို့ သင်ခဲ့ရတုန်း ကလည်း ကျွန်တော် ရေးထားတဲ့အတိုင်း ပါပဲခင်ဗျ။
ထိုသို့ ငြင်းနေကြစဉ် …ကျန်လူကြီး နှစ်ဦးသုံးဦးက ..
သူငယ်ချင်း …… ကလေးက မှန်တယ်။
မင်းက မှားနေတာ။ လာသွားကြစို့။ ဟုခေါ်သွားကြရင်း စိတ်ဓါတ် နှင့်  ပတ်သက်ကာ ဆက်လက် ငြင်းခုန်သွားကြလေသည်။ မိမိကိုယ်တိုင်ကလည်း ခေါင်းမာတတ်သည်။ မှန်ပြီဆိုလျှင်၊ မှန်သည်ဟု ယူဆလျှင် ဘာကြီးဖြစ်နေဖြစ်နေ မပြင်နိုင်။ နောက်နေတွင် ဖုန်းဆက်ကာ ထိုလူကြီးက သူမှားကြောင်းဝန်ခံသည်။
တစ်ခုစဉ်းစားမိသည်မှာ ကျောင်းတွင် ငယ်စဉ်အခါက ဒီလိုဒီလို သင်ခဲ့ရ ပါ လျှက်နှင့် အဘယ့်အတွက်ကြောင့် ဒီလိုဒီလို မှားနေတတ်ကြသနည်း။ မြန်မာ့အသံမှလည်း မြန်မာစာ မြန်မာစကား ကို လွှင့်ထုတ်နေပါလျှက်နှင့် ဘာ့ ကြောင့် သတ်ပုံမှားနေကြသနည်း။
w နှင့် u ဖြစ်သော က နှင့် ကို ဘာ့ကြောင့် အလွဲဆုံးဖြစ်နေကြသနည်း။
သက်သက် နှင့် သတ်သတ်
ပတ်သက် နှင့် ပက်သတ်
ကျောင်းတက် နှင့် ကျောင်းတတ်
နွားသက် နှင့် နွားသတ်
ရက် နှင့် ရတ်၊ ခက် နှင့် ခတ်၊ တက် နှင့် တတ်၊ တတ် နှင့် တက်၊
အများစုအလွဲဆုံး တွေ့နေရ ဖတ်မိနေရသည်က
တက် နှင့် တတ်
တို့ဖြစ်သည်။
သို့ဆိုရပါမူ…u နှင့် w သည် စာလုံးလေးလုံး ခြားပါသည်။ မှားရိုက်သည်တော့ မဖြစ်တန်ရာ။ စာစီသူကိုယ်တိုင် အမှားကို အမှန်ထင်နေခြင်း မျှသာဖြစ်မည်။ မသိလို့မှားသည်ကို ထားလိုက်တော့။ ယခုသိပြီ မမှားကြပါနှင့်တော့။ မိမိ စာဖတ် သူတွေကို စာ အဆိပ် မသင့်ပါစေနှင့်တော့။ blogger တို့ကလည်း မိမိ blog များကို သေသေချာချာလေ့လာ ဆန်းစစ်ပြီးမှ တင်ကြစေလိုပါသည်။
စင်စစ် မိမိသည် မြန်မာစာနှင့်ကျောင်းပြီးထားသူမဟုတ်ရကား…မြန်မာစာနှင့် ကျောင်းပြီးထားသူများသည် မိမိတို့ဘာသာစကားနှင့် ပါတ်သက်သော အတွေး အခေါ်အယူအဆများကို blog များတွင်ရေးသားတင်သင့်ပါကြောင်း ၀န်ခံ အကြံပြု အပ်ပါသည်။
မူရင်းလင့် ခ် တွင် ဆက်လက်ဖတ်ရှုနိုင်ပါသည်..
http://www.shwemyotaw.com/profiles/blogs/blogger-3#ixzz1wJ0ZIYMH

No comments:

Post a Comment