Friday, November 23, 2012
မြန်မာ့ လျှပ်စစ်ဓာတ်အား ဘင်္ဂလားဒေ့ရှ်သို့ မရောင်း
ယခင်က သဘောတူညီမှု ရှိခဲ့သည့် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကြား
လျှပ်စစ်ဓာတ်အား ရောင်းချရေးကို မြန်မာဘက်က ပယ်ဖျက်လိုက်ပြီ ဖြစ်ကြောင်း
၁၄-၁၁-၂၀၁၂ ရက်က သိရသည်။ အဆိုပါ ပယ်ဖျက်မှုကို ခြောက်ကြိမ်မြောက်
နှစ်နိုင်ငံ ကုန်သွယ်ရေး ပူးပေါင်း ဆောင်ရွက်ရေး ကော်မရှင် အစည်းအဝေးတွင်
မြန်မာဘက်က ပယ်ဖျက်လိုက်ခြင်း ဖြစ်ကြောင်း နိုင်ငံတကာ သတင်းမီဒီယာများတွင်
ဖော်ပြ ပါရှိသည်။ “ကျွန်တော်တို့ နိုင်ငံမှာလည်း လျှပ်စစ်ဓာတ်အား အပြည့်အဝ
ရရှိဖို့ လိုအပ်တယ်။ မီးမလာလို့ ဖယောင်းတိုင်မီး ထွန်းတာတွေ
မဖြစ်စေချင်ပါဘူး” ဟု မြန်မာ့လျှပ်စစ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
နိုဝင်ဘာလ ၁၁ ရက်မှ ၁၂ ရက်အထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒက္ကားမြို့တော်တွင်
ပြုလုပ်ခဲ့သော မြန်မာ - ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေးဆိုင်ရာ အစည်းအဝေးတွင်
မြန်မာနိုင်ငံအနေဖြင့် လျှပ်စစ်ဓာတ်အား မလုံလောက်မှုများ ရှိနေ၍
ဘင်္ဂလားဒေ့ရှ်သို့ ရောင်းချပေးတော့မည် မဟုတ်ကြောင်း မြန်မာဘက်က
ပြောကြားသွားသည်ဟု သိရသည်။ “ဘင်္ဂလားဒေ့ရှ်နိုင်ငံက မြန်မာနိုင်ငံ
ရခိုင်ပြည်နယ်မှာ တည်ဆောက်နေတဲ့ စိုင်တင်ရေအားလျှပ်စစ်နဲ့ ချင်းပြည်နယ်နဲ့
ရခိုင်ပြည်နယ် အကြားမှာ တည်ဆောက်နေတဲ့ လေးမြို့ ရေအားလျှပ်စစ် စီမံကိန်းက
ကီလိုဝပ် ၅၀၀ ဝယ်ယူဖို့ အရင်က မြန်မာနဲ့ ပဏာမ သဘော တူညီခဲ့တာပါ” ဟု
အင်ဂျင်နီယာချုပ် ဦးစိုးလှိုင်က ပြောသည်။ ရခိုင်ပြည်နယ် စိုင်တင်
ရေအားလျှပ်စစ်မှာ ၂၀၁၄-၂၀၁၅ ခုနှစ်တွင် ပြီးစီးမည်ဖြစ်ပြီး လေးမြို့
ရေအားလျှပ်စစ် စီမံကိန်းမှာ ၂၀၁၈ ခုနှစ်တွင် ပြီးစီးမည်ဟု သိရသည်။ ထို့ပြင်
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ လျှပ်စစ်ဓာတ်အား လုံလောက်မှု မရှိသဖြင့်
မြန်မာအပြင် အိမ်နီးချင်းနိုင်ငံများ ဖြစ်သည့် ဘူတန်၊ အိန္ဒိယ၊
နီပေါနိုင်ငံတို့မှ ဝယ်ယူရရှိရန် ကြိုးပမ်းနေသည်ဟု သိရသည်။
“ဘင်္ဂလားဒေ့ရှ်နိုင်ငံက မြန်မာထက် လျှပ်စစ်ဓာတ်အား ပိုမိုသုံးစွဲတယ်လို့
ခန့်မှန်းလို့ ရပါတယ်” ဟု ဦးစိုးလှိုင်က ဆက်လက်ပြောသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ အနေဖြင့် လျှပ်စစ်ဓာတ်အား ဝယ်ယူ၍ မရရှိသော်လည်း
နှစ်နိုင်ငံ ကုန်သွယ်ရေးအတွက် တိုက်ရိုက် လေကြောင်းလိုင်း၊
ရေကြောင်းလိုင်းများ တိုးချဲ့ရန် စီစဉ်နေသည်ဟု သတင်းများတွင်
ဖော်ပြပါရှိသည်။
Labels:
သတင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment